Wednesday 29 August 2012

သရဏဂုံညစ်နွမ်းကြောင်း သုံးမျိုး နင့် သရဏဂုံပျက်စီးခြင်းနှစ်မျိုး

သရဏဂုံညစ်နွမ်းကြောင်း သုံးမျိုး
သရဏဂုံ ညစ်နွမ်းကြောင်း သုံးမျိုးရှိ၏ ။ မူလပဏ္ဏာသအဌကထာ၌ အဉာဏသံသယမိစ္ဆဉာဏ ဒီဟိသံကိလိဿတိ ဟူပြီး ဖွင့်ပြသည်။ အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း၊ သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း၊ မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆဖြစ်ခြင်း တို့ပင်။
၎င်းသုံးမျိုးတွင် အဉာဏ၊ သံသယ နှစ်ပါးကို ရတနာသုံးပါးအကြောင်းသိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။ မိစ္ဆာဉာဏကို ရတနာသုံးပါးအပေါ် သဒ္ဓါတရား ယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။ ထိုကဲ့သို့ မပယ်ဖျောက်နိုင်လျှင် အပြစ်ရှိသော သရဏဂုံပျက်စီးခြင်းသို့ ရောက်ရတော့သည်။ အရိယာတို့၏သရဏဂုံကို လောကုတ္တရာသရဏဂုံဟုခေါ်သည်။ မြေထဲအတောင်များများဝင်အောင် ရိုက်သွင်းထားသော သံတိုင်ကျောက်တိုင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသောလေကြောင့် ဘယ်တော့မှမတုန်လှုပ်သကဲ့သို့ အရိယာတို့၏ ရတနာသုံးပါးအပေါ် ယုံကြည်မှုသဒ္ဓါသည်လည်း ဘယ်ဘဝရောက်ရောက် မပျက်စီးတော့ပေ။


ပုထုဇဉ်တို့၏ ရတနာသုံးပါးအပေါ် ယုံကြည်မှုသည်ကား ဖွဲပုံပေါ် ကလေးတစ်ယောက် ကရော်ကမည်စိုက်ထားသော ဝါးခြမ်းပါးနှင့် ဘာမှမခြားပေ။ လေပြင်လေးတစ်ချက်ဝှေ့ရုံနှင့်ပင် လဲသွားနိုင်ပေသည်။ တစ်ခါက ဧရာဝတီမြစ်ထဲ လူအပြည့်ဖြင့် လှော်ခတ်လာသော လှေတစ်စင်းသည် ပုဂံညောင်ဦးနားအရောက် လှိုင်းပုတ်ပြီး လှေမှောက်တော့သည်။ နစ်သူနစ် ကိုယ်လွတ်ကူးသူကူးနှင့် ဝရုန်းသုန်းကားဖြစ်နေစဉ် လူလေးယောက်မှာ ကံကောင်းထောက်မစွာမှောက်နေသောလှေကို ပြန်ပြီး ဖက်တွယ်မိကြသည်။ လှိုင်းကလည်းထန် ကမ်းကလည်းအတော်ဝေးသေးသဖြင့် သေမည်ရှင်မည် မပြောနိုင်သေးပေ။ ထိုအခါ ထိုလေးယောက်ထဲက အသက်ကြီးကြီးတစ်ယောက်သည် ကမ်းပေါ်မှရွှေစည်းခုံဘုရားကြီးကို လှမ်းအာရုံပြုပြီး -
“ရွှေစည်ခုံဘုရားကြီး၊ ဘုရားတပည့်တော်တို့၏ အသက်ကိုကယ်တော်မူပါ။ တပည့်တော် အသက်ဘေးမှလွတ်ခဲ့လျှင် ရှိသမျှဥစ္စအားလုံး ထုခွဲပြီး ရွှေသင်္ကန်းကပ်လှူပါမည်ဘုရား” ဟု အသံကျယ်ကျယ်ဖြင့် အဓိဌာန်ပြုလိုက်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် သူအဓိဌာန်ပြုပြီးသည်နှင့် မှောက်နေသောလှေကြီးမှာ ကမ်းဘက်သို့ တဖြည်းဖြည်း မျောပါသွားတော့ သည်။ ကမ်းသို့ရောက်ရန် တစ်ခေါ်သာသာလောက်အလိုတွင်ကား ထိုလူကြီး၏ အဓိဌာန်မှာ တစ်မျိုးပြောင်းသွားသည်။
“တပည့်တော် မရှိဆင်းရဲသားမို့ ရှိသမျှဥစ္စာထဲက တစ်ဝက်လောက်နဲ့ပဲ ရွှေချပါရစေဘုရား” ကမ်းသို့ရောက်ရန် ဝါးသုံးပြန်လောက်အလိုတွင်ကား “စိတ်နိုင် ကိုယ်နိုင် ရွှေတစ်ဆိုင်းလောက်ပဲ လှုပါရစေတော့ဘုရား” နောက်ဆုံးကမ်းပေါ်သို့ လေးယောက်သား အားရဝမ်းသာတက်ပြီးသောအခါ၌ ထိုလူကြီးပြောလိုက်သော စကားသည်ကား “အင်း .. ကျုပ်လည်း ကြောက်အားလန့်အားဘာတွေပြောမိမှန်း မသိတော့ပါဘူးဗျာ” ဟူ၏ ။ ပုထုဇဉ်တို၏ ရတနာသုံးပါးအပေါ် အားထားယုံကြည်မှုကား အဲ့သည်လောက်အောက်ကျ နောက်ကျနိုင်လှပါသည်။ ထို့ကြောင့် အရိယာ ပုဂ္ဂိုလ်တို့၏ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိသော်လည်း ပုထုဇဉ်တို့၏ လောကီသရဏဂုံကား ပျက်စီးခြင်းရှိလာခဲ့ရသည်။ လောကီသရဏဂုံသည် အပြစ်ရှိသော ပျက်စီးခြင်း၊ အပြစ်မရှိသော ပျက်စီးခြင်းဟူပြီး နှစ်မျိုးရှိသည်။
သရဏဂုံပျက်စီးခြင်းနှစ်မျိုး
“ကာလကိရိယာ ဘေဒေါအနဝဇ္ဇဘေဒေါတိ ဝုစ္စတိ
အည သတ္ထာရာဒီသု အဟံအတ္ထာနံ ပရိစ္စမီတိ
ဧဝံ အညသတ္ထာ ရုဒ္ဒေသဝသေန
သရဏဂမနဿဘေဒေါ ဝုစ္စတိ”
ဟူ မူလပဏ္ဏသ အဌကထာ၌ ဖွင့်ပြထားသည်။ အဓိပ္ပါယ်မှာ သေပြီးသောကြောင့် သရဏဂုံပျက်ခြင်းသည် အပြစ်မရှိသော ပျက်စီးခြင်း၊ ဘုရား၊ တရား၊ သံဃာမှတပါး အခြားဘိုးတော်၊ မယ်တော်၊ နတ် စသည်တို့၌ တပည့်တော်၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းပါ၏ ။ ထိုသို့ တခြားမှာ ဆရာရှာပြီး ကိုးကွယ်သဖြင့် သရဏဂုံပျက်ခြင်းသည် အပြစ်ရှိသော အကုသိုလ်ဖြစ်သော သရဏဂုံ ပျက်စီးခြင်းဖြစ်သည်။
သရဏဂုံပျက်စီးခြင်း၏ ပထမအကြောင်းရင်းကား သရဏဂုံ ညှိုးနွမ်းကြောင်း သုံးပါးကြောင့် ဖြစ်ကြောင်း တွေ့ရ၏ ။ တစ်ဖန် ထို သရဏဂုံညှိုးနွမ်းခြင်း အကြောင်းကို ဆက်ပြီး ရှာလိုက်သောမခါ သရဏဂုံသုံးပါး၏ စွမ်းရည်သတ္တိများကို ကျကျနနသေသေချာချာ မသိခြင်း ဟူသော အချက်တွေ့ရသည်။
ယခုရေးသားသော တရားတော်ကို ဆရာတော်မေတ္တာရှင်(ရွှေပြည်သာ) ရေးသားတော်မူသော “မျက်ရည်မကျခင် သိစေချင်” ဆိုသောစအုပ်မှ တိုက်ရိုက်ကူးယူပြီး တဆင့်ပြန်လည်ပူဇော်ပါသည်ခင်ဗျာ။
အားလုံးပဲ သည်ဘဝ သည်ခန္ဓာ နောက်ဆုံးဖြစ်အောင် ကျင့်ကြံကြိုးကုပ် ပွားများအားထုတ် နိုင်ကြပါစေလို့ မေတ္တာပို့သပေးလိုက်ပါနော်။
ကျေးဇူးတင်ပါတယ်။ ။

No comments:

Post a Comment