Saturday 1 September 2012





။။။။။ ၀မ်းစာ ။။။။။
။။ သူငယ်ချင်း...
မင်းစဉ်းစားကြည့်
ဗျိုင်း၏အစာ ၊ ငါးဆိုတာကို
ငါလည်းအသိ ၊ မင်းလည်းသိ၏
စိစစ်မှတ်သား ၊ ခွဲခြားရွေးနုတ်
စစ်တမ်းထုတ်ရန်
ယုတ္ထိဗေဒ ၊ အဖြေပြဖို.
လိုမှမလိုဘဲ ၊ သူငယ်ချင်း......။
။။ ဗျိုင်းကငါးစား ၊ မတရားဟု
စကားအဆို ၊ သနားပိုကာ
ငါးကိုကယ်မလား ၊ မင်းစဉ်းစားပေါ့......။
။။ ဗျိုင်းဘက်ကကြည့်
သူ၏၀မ်းစာ ၊ မနေသာလို.
သူရှာစားတာ ၊ သနားတယ်လေ...
ငါးဘက်ပြန်တွေး
သေရေး ရှင်ရေး ၊ အသက်ဘေးမို.
ထွက်ပြေးချင်မှာ အမှန်ပဲ.......။
။။ ဗျိုင်း နှင့် ငါး ၏
ပဟေဠိပုစ္ဆာ ၊ အဖြေရှာတုန်း
ဝုန်းခနဲဆို ၊ အူ ကိုလှုပ်ယမ်း
ငါ၏၀မ်းစာ ၊ သတိရလာတော့
ဘာတွေ ညာတွေ ၊ တွေးမနေအား
ရေမှာငါးဖမ်း ၊ ဗျိုင်းထောင်ဖမ်းပြီး
အိတ်ကြီးထဲထည့်
ငါပြန်ခဲ့တယ်... သူငယ်ချင်း..........။
ပုလော စိုးနံ့သာ

No comments:

Post a Comment